Saturday, May 18, 2013

ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"- (ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ) -

ဒီမိုကရေစီလှုပ်ရှားမှု

  ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
(ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ -)

 အမှာ နိဒါန်း

အခု တလောမှာ မြန်မာနိုင်ငံတော် ဘဏ္ဍာ အလွဲသုံးစားမှု၊ အာဏာ အလွဲသုံးစား ပြုမှု တို့ ဖြင့် ဆိုင်းငံ့ထောင်ဒဏ် နှစ် ၄၀ အချမှတ်ခံရသော လွတ်ငြိမ်းခွင့်ဖြင့် လွတ်ခဲ့သည့် ၀န်ကြီးချုပ်ပြုတ် ခင်ညွန့် ရဲ့ န၀ဒေး ရိပ်သာမှာဖွင့်တဲ့ ပန်းချီပြခန်းပါတဲ့ ကော်ဖီဆိုင် နဲ့ စားသောက်ဆိုင်တွေ အကြောင်း၊ ရဲနိုင်ဝင်းရဲ့ စားသောက်ဆိုင် အကြောင်း ပလူပျံအောင် ၀ါဒ ဖြန့် နေတာတွေ ဖတ်ရသည် ။

အဲဒီ ၀န်ကြီးချုပ်ပြုတ် ခင်ညွန် ကောင်းကြောင်း ၀ါဒဖြန့် မီဒီယာတွေထဲမှာ.. ပြည်ပမှာ ဒီမိုကရေစီလစာ စားပြီး.. တိုင်းပြည် ကယ်တင်မယ် ဆိုတဲ့ ထိုင်းနိုင်ငံ ချင်းမိုင် အခြေစိုက် ဧရာဝတီနဲ့ အိန္ဒိယ အခြေစိုက် မဉ္စိမ သတင်းဌာနတို့ ရှေ့ တန်းက ပြေးနေတာ တွေ့ ရသည်။

ပြည်တွင်း မီဒီယာတွေပြန်ကြည့်ရင် ထောင်တွင်းမှာ အကျဉ်းသား ဘ၀နဲ့ သေဆုံးသွားသူ (၀န်ကြီးချုပ်ပြုတ် ခင်ညွန့် နဲ့ အမှုတွဲ)  နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဦးဝင်းအောင်ရဲ့ သား =အယ်ဒီတာချုပ် ခုပ်တဲ့ 7 Day Journal တို့ Favourite News စတဲ့ အမြီးစားဖက် ခေါင်းစားဖက် မီဒိယာတွေမှာ =စကိုင်းနက် ရုပ်သံလွှင့် လိုင်းတွေမှာ မြင်နိုင်သည်။

အကြမ်းဖျင်းကြည့်သော် ဦးခင်ညွန့် သည် ဘ၀နိမ့်ဆင်းသွားရသဖြင့် လဘက်ရည် ရောင်းချ အသက်မွေးရတော့မည့် မျိုးချစ်စိတ် ရှိသူ သူတော်စင်၊ သူတော်ကောင်းကြီးအဖြစ် ထင်မှတ်ဖွယ်ရာရှိသည်။

ထောက်လှမ်းရေး ညွန်ချုပ် ဘ၀တွင် လက်သံပြောင်စွာဖြင့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး အပြီးတွင် မျိုးချစ်သံဃာတော်တို့ နှင့် ကံဆောင်သပိတ် အပေါ်မည်သို့ နှိပ်ကွပ် ရက်စက် ယုတ်မာခဲ့သည်များမှ အချို့ တ၀က်ကို အောက်တွင် ထုတ်နှုတ် ပြလိုသည်။

 
တာဝန်ခံ (ဟစ်တိုင်)

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

ဦးခင်ညွန့် ဖမ်းဆီး ထောင်ချခဲ့ တဲ့ "တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"

(ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ )-
-၁၈ ။-၅ -၂၀၁၃


"သံဃာ့ဂိုဏ်း မသင့်စေဖို့ "

 
မိမိသည် နိုင်ငံရေး ဘုန်းကြီးလည်း မဟုတ်ပါ ။ နိုင်ငံရေး ပိုစ့်များလည်း မရေးပါ။
သို့ သော် ရေးချိန်တန်လာသောကြောင့် ရေးလိုက်ပါသည်။
"အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ" သံဃာတော်များအတွက် ပရိယတ္တိသာသနာနှင့်ဆိုင်သော ကျမ်းစာ အားလုံး ရေးသားတော်မူခဲ့သည် ။
သုတ္တန်ဘာသာ ဋီကာ တအုပ်သာ ရေးဖို့ ကျန်ခဲ့သည်။

ရုပ်ပုံ ရှင်ကျင့်ဝတ်မှ စ၍ အခြေပြုသဒ္ဒါ နာမ်ဂိုဏ်းစဉ် အာချာတ်ဂိုဏ်းစဉ် မှသည် အဆင့်မြင့်မားလွန်းသော စာပေများ.. သံဃာထု အားလုံး အသုံးပြုကြရသည်။
လူများအတွက် ရတနာ့ဂုဏ်ရည် ၊ ကိုယ်ကျင့်အဘိဓမ္မာ မှသည် အဆင့်မြင့် ပုဂ္ဂိုလ် ဖြစ်နိုင်သည့်အထိ ကျမ်းစာပေါင်း များစွာ ရေးသားတော်မူသည်။
သာသနာတော်ဝယ် နေလိုလလို ထွန်းထောက်တော်မူခဲ့၍ ၂၁ ရာစု ဗုဒ္ဓဃောသ ဟုပင် နာမည်တွင်ခဲ့ နာမည်တင်နေဆဲဖြစ်သော ဆရာတော်ဖြစ်ပါသည်။



"တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ"
အမရပူရ မဟာဂန္ဓာရုံဆရာတော်၏ တပည့်အရင်း တပါးဖြစ်တော်မူသည်။
သက်တော် ၂၇ သိက္ခာ ၀ါတော် ၇ ၀ါမျှဖြင့် တိပိဋကဓရ ဖြစ်တော်မူခဲ့၍ တိပိဋကဓရ ဖြစ်သည့် နှစ်တွင် ရန်ကုန်မြို့  ကမ္ဘာအေး မဟာဂန္ဓာရုံ ကျောင်းတိုက်ကို တည်ထောင်တော်မူသည်။
တစ်ကြိမ်ပို့ ချလျှင် တစ်နာရီခွဲ ဖြင့် တစ်နေ့ လျှင် စာဝါ ၇ ၀ါ ၈ ၀ါမျှ ပို့ ချတော်မူခဲ့သည်။

မန္တလေးမြို့တွင် သံဃာတော်များကို စစ်တပ်မှ ပစ်ခတ်၍ မန္တလေးသံဃာထုမှ ဗိုလ်ချုပ်မှုးကြီးစောမောင် ဦးဆောင်သော န၀တ အစိုးရအား သပိတ်မှောက် သံဃာ့ကံပြုတော်မူကြသည်။

သာသနာအတွက် အသက်စွန့် လှူထားတော်မူသော တိပိဋကဓရ ဆရာတော်သည် သပိတ်မှောက် ကံဆောင်သော သတင်းကို ကြားသောအခါ မိမိတပည့်များအား သြ၀ါဒ ပေးတော်မူသည်။

”သံဃာဆိုတာ ညီညွတ်ရသည် .. သံဃာအဆက်ဆက် ညီညွတ်ခဲ့၍ ယနေ့ တိုင်အောင် သာသနာတော် တည်နေခြင်းဖြစ်သည် ။မန္တလေးသံဃာက အစိုးရကို သပိတ်မှောက် ကံဆောင်၍ ရန်ကုန်သံဃာက သပိတ်မမှောက်ခဲ့ သော် သံဃာညီညွတ်ရေး ပျက်ပြားလိမ့်မည် ။ သံဃာညီညွတ်ရေးကို ရှေးရှု၍ သာသနာအတွက် တာဝန်ကျေရမည် ..” ဟု မိန့် တော်မူသည်။

အင်းစိန်ရွာမ တိုက်အုပ်ဆရာတော် ။ ရွှေဘုန်းပွင့်ဆရာတော် ။ ကျောက်ကုန်းမေဒိနီ ဆရာတော်စသော ထင်ရှားသော ဆရာတော်များကို ပင့်ဖိတ်၍ ဆရာတော်က ဥက္ကဌ ။ အင်းစိန်ရွာမ တိုက်အုပ်ဆရာတော်က အတွင်းရေးမှုး တာဝန်ယူကာ စစ်အစိုးရအား သပိတ်မှောက်ကံပြုကြောင်း လက်မှတ်ရေးထိုး ပေးပို့ ခဲ့သည်။

တပည့် စာချဘုန်းတော်ကြီးများကို စေလွှတ်၍ ၆ ထပ်ကြီး ဘုရားတွင် အစိုးရအား သပိတ်မှောက်ကံ ပြုစေတော်မူသည်။


ဒီသံဃာ သပိတ်မှောက်လျှင် ကိုးကွယ်စရာ သံဃာများစွာရှိသည်...ဟု သဘောထားသော စစ်အစိုးရသည် ထိုသို့  သပိတ်မှောက်ကံပြုခံရသည်ကို အစပိုင်းတွင် မမှုခဲ့ပါ -။နိုင်ငံတော် လမ်းဖွင့်ပွဲ..စသော ပွဲလမ်းများတွင် သံဃာများကို ပင့်သည် ။

မက်မောလောက်အောင် TV အောက်စက်မှ အစ လှူသည် .. ။သို့ သော် ငယ်ဖြူ သံဃာများ ကြွရောက်တော်မမူကြ။
တောထွက်သံဃာများသာ ကြွရောက်တော်မူကြသည် ။

အစိုးရပြုလုပ်သော သံဃာ့ အခန်းအနားများတွင် သံဃာ့ထိုင်ခုံနေရာများစွာ လွပ်လပ်နေသည် ။ထို့ ထက်ဆိုးသည်ကား စစ်တပ် မိသားစုဝင်များ ကွယ်လွန်သော် အသုဘသို့ ကြွရောက်ခါ ရေစက်ချ သရဏဂုံတင်ပေးမည့် သံဃာတော် မရှိဖြစ်ရသည် ။မိမိတို့  တိပိဋက မဟာဂန္ဓာရုံကျောင်းသည် ချော်တွင်းကုန်း ကပစ ၁၀၆ စစ်တပ်နှင့် နီး၍ ထိုသတင်းများကို သိခဲ့ရသည်။

မိသားစုဝင် သေလို့ မှ အသုဘ ရေစက်ချ သရဏဂုံတင်ပေးမည့် ဘုန်းကြီးမရှိသော် မျက်ရည် ကျကြရသော အောက်ခြေ စစ်တပ်မိသားစုနှင့် အထက်အရာရှိများမှ တဆင့် ထိပ်ပိုင်း ခေါင်းဆောင်များပြဿနာ တက်ရတော့မည့် အခြေအနေတွင် န၀တ အစိုးရမှ အမိန့် ထုတ်သည်။

သပိတ်လှန်မပေးလျှင် ပြင်းထန်စွာ အရေးယူမည်ဟု ဆရာတော့်ထံ စာပို့ သည်။ မြန်မာ့အသံမှ တနာရီခြား တစ်ခါ ထိုအမိန့် ကို အသံလွှင့်သည်။
အမိန့် ကြေငြာစာ ထုတ်လွှင့်ပြီးချိန်အတွင်း စစ်ချီတေး စစ်သည်တေးများ အဆက်မပြတ်ထုတ်လွှင့်ခဲ့သည်။

ဆရာတော်က သပိတ်လှန် လက်မှတ်ထိုး မပေးလိုသော်လည်း အစိုးရအကြောင်းကို သိတော်မူသော ဆရာတော်၏ ဆရာ မန္တလေး မဟာဝိသုဒ္ဓါရုံတိုက် သံတော်ဆင့် ဆရာတော်မှ ဖျောင်းဖျပြောဆို လက်မှတ်ထိုးစေတော်မူသည်။

ဆရာ့စကားကို မပယ်ရှားလို၍ သပိတ်လှန်ကြောင်း လက်မှတ်ထိုးပေးခဲ့ရသည်။
ထိုညက မှတ်မှတ်ရရ မိုးကြိုး ၁၂ ကြိမ်ကျော်မျှ ပစ်သံကြားရသည်။

န၀တ အစိုးရ သတ်မှတ်ချိန် တိုင်မီ သပိတ်လှန်လက်မှတ် ထိုးပေးခဲ့သော်လည်း စစ်အစိုးရမှ အာဃာတတရား ကြီးမားစွာဖြင့် လက်မှတ်ထိုးပြီး နောက်တစ်နေ့  သံဃာတော်များ ဆွမ်းခံကြွတော်မူကြချိန် ဆရာတော်အား ဖမ်းခေါ်သွားကြသည်။

ဆရာတော် ဘယ်ဆီဘယ်ဝယ်သို့ ရောက်သည်ဟု သတင်းမကြား ။တလလောက်ကြာမှ မြစ်ကြီးနားထောင်သို့ ပိုဆောင်ခံရကြောင်း သိကြရသည်။

မြစ်ကြီးနားထောင်မပို့ ခင် စစ်ခုံရုံးသို့ ပို့ သည် .. ။ဆရာတော်အား စစ်ဆေးမည့် ဗိုလ်မှုးကြီးအား အခြားဗိုလ်မှုးတစ်ဦးမှ ”မင်း စစ်ဆေးရမယ့်သူက တခြားသူ မဟုတ်ဘူး၊ တိပိဋကဓရ ဆရာတော်ဖြစ်သည်”ဟု ပြောဆိုပြီး စာရေးဆရာ ကုသလဗုဒ္ဓိ= ကောင်းကြွယ်ရေးသားသော တိပိဋကဓရ ဆရာတော်ကြီးငါးပါး စာအုပ်ကိုပေးခဲ့သည်။

ထို စစ်ဆေးရန်တာဝန်ကျ ဗိုလ်မှုးကြီးလည်း ထိုတာဝန်ကို ရှောင်လွှဲခဲ့သည်။
ထိုခေတ်ထိုအခါက သတင်းစာများတွင် ဘယ်ရဟန်းသည် ဘယ်နေရာမှာ အရက်မူးနေသည် ။ဘယ်မိန်ကလေးကို ဆွဲလားရမ်းလားလုပ်သည်..ဟု သတင်းစာများတွင် ဓာတ်ပုံများဖြင့် သတင်းများစွာ လွှင့်ခဲ့သည်။

ဗိုလ်ချုပ်မှုးကြီးစောမောင် မြစ်ကြီးနားဘက်သို့  ခရီးစဉ်ထွက်သောအခါ တိပိဋကဓရ ဆရာတော်ဖြစ်လျှက် နိုင်ငံရေးလုပ်သော ဘုန်းကြီးများလည်းရှိ..ဟု သတင်းစာတွင် 8 point စာလုံးမဲကြီးများဖြင့် ရေးသားခဲ့သည်ကို သတိထား သတိရ သူများ ရှာဖွေကြပါကုန်။


တိပိဋကဓရ ဆရာတော်သည် သံဃာညီညွတ်ရေး နှင့် သာသနာ့အရေးကိုသာ ကြည့်၍ န၀တ အစိုးရအား သပိတ်မှောက်ကံပြုခဲ့ခြင်းသာ ဖြစ်သည်။
နိုင်ငံရေးလုပ်သော ဘုန်းကြီးလည်း မဟုတ်ပါ။

၂၀၀၇ စက်တင်ဘာတွင် လမ်းပေါ်ထွက်၍ မေတ္တာပို့ ကြသော သံဃာတော်များမှာ အစိုးရမှ ယာယီ သင်္ကန်းပတ်ပေးသော အတုအယောင်များမှ လွဲ၍ ..စာသင်သား သံဃာတော် အစစ်အမှန်များသာဖြစ်သည်။
ယာယီ အတုအယောင်များသည်လည်း မိဘ ဆွေမျိုး အသက်စည်းစိမ် အိုးအိမ်ကို ကြောက်လန့်၍သာ လုပ်ကြရသည်ဟု ယူဆမိသည်။


တိပိဋကဓရ ဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ" ၏ ကမ္ဘာအေးရှိ စာသင်တိုက် ကျောင်းတော်

"သီလကြီးလေးပါး လုံခြုံလျှင်"
သီလကြီးလေးပါးလုံခြုံလျှင် သံဃာစစ် သံဃာမှန်သာ ဖြစ်သည် ။သံဃာဟူသည် ဘယ်ခေတ် ဘယ်အခါကမှ အတုအယောင် မရှိခဲ့ပါပေ။
သံဃာတော် အဆက်ဆက်သည် ဒကာ ဒကာမ တို့ အပေါ်ဝယ် တာဝန်ကျေခဲ့ကြသည်ချည်းဖြစ်သည်။

ကိုယ်တိုင် ပရိယတ် ပဋိပတ် သာသနာ့တာဝန်များ ကျေပွန်တော်မူကြရုံသာမက ဒကာ ဒကာမတို့ အား သံသရာဝယ် အထက်တန်း ဘ၀များသို့ တိုင်အောင် တဆင့်တက်၍ နိဗ္ဗာန်တိုင်အောင် ပို့ ဆောင်ပေးတော်မူကြသည်။

သတ္တိ ဗျတ္တိရှိ၍ ထက်မြက်သော .. အတိုက်အခံ လုပ်သည်ဟု အစိုးရမှ ယူဆသော သံဃာတော်များမှာ အကြောင်းတစ်မျိုးမျိုးဖြင့် ဖိနှိပ်၍ လူဝတ်လဲ ခံခဲ့ရသည်ချည်းဖြစ်သည်။
ဟိုးယခင် ခေတ်အခါက သာသနာတော်သန့် ရှင်းရေး အမည်တပ်လျက် ထူးကြီးဆရာတော် ။ ဦးစံတင့် စတုနိကာယကောဝိဒ စသော ပုဂ္ဂိုလ်များ လူဝတ်လဲခံခဲ့ရသည်ကို ကြည့်လျှင် သိနိုင်ပေသည် ။

နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်ကြီးများသည်လည်း ထိုအကြောင်းကို သိ၍ ထိုသို့ ပြုလုပ်ခံခဲ့ရလျှင် သက်တော် ရွယ်တော်နှင့် မိမိတို့ ကိုယ်ကျင့်သိက္ခာကို ငဲ့ကွက်တော်မူကြရသောကြောင့် ရေငုံ နှုတ်ပိတ်သာ နေတော်မူကြရကုန်သည် ။

ယခု အခါ သံဃာတု သံဃာယောင်ဟူသော စကားလုံးများ ကျယ်လောင်စွာ သုံးလာကြသည်။ မြန်မာနိုင်ငံဝယ် သံဃာဦးရေ အရမ်းများနေသည်။ သံဃာအတွက် ခေါင်းခဲရ၍ နောင်တချိန် သာသနာတော်သန့် ရှင်းရေး အမည်ပေးကာ နှိပ်ကွပ်ဖို့  အစပျိုးခြင်းလားဟု ထင်မိပါသည်။


"အထူးသတိပေးချက်" 

 
သံဃာတော်များ ညီညွတ်တော်မူကြသည်မှာ ဘုရားရှင်၏ ၀ိနည်း ဥပဒေတော် ပယ်နှုတ်စရာ ပြင်ဆင်စရာ ရှိသည်ဟု ပြောစရာ မလိုလောက်အောင် ဥပဒေတိကျမှန်ကန်ခဲ့၍ ဖြစ်သည်။

အကယ်၍များ မြန်မာနိုင်ငံသည် မှန်ကန်၍ အများလက်ခံသော စစ်မှန်သော ဥပဒေပေါ်ပေါက်လာပါက စီးပွါးရေး ခိုင်မာဖွံ့ ဖြိုးလာပေမည်။
ထိုအခါ သာသနာဘောင်ဝယ် အချောင်နေသည်ဟု ယူဆသူတို့ က ယူဆနေကြသော သံဃာတော်များလည်း ယခုလောက် များတော့မည် မဟုတ်ပါ ။ဥပဒေ မှန်ကန်ဖို့ နှင့် နိုင်ငံတော် ဖွံ့ ဖြိုးတိုးတက်ဖို့ သာ လိုပေသည် ။တာဝန်ကိုယ်စီ ကျေပွန်ကြဖို့  အရေးကြီးသည် ။

ဘုရားလောင်း ဆဒ္ဒန်ဆင်မင်းသည် သောနုတ္ထိုရ် မုဆိုးအား အသေသတ်နိုင်ပါသော်လည်း မုဆိုးခြုံထားသော သင်္ကန်းကို မြင်ရသောအခါ ..”ဘုရား ပစ္စေက ဗုဒ္ဓါတို့ ၏ အသုံးအဆောင်ကို ငါ့အားလာပြပေသည် ။ဒီလို အ၀တ်မျိုး ဘ၀သံသရာတွင် တွေ့ ကြုံရဖို့  အလွန်ခဲယဉ်းသည်။
ငါသည်လည်း ပါရမီဖြည့်နေသော ယောင်္ကျားကောင်း ယောင်္ကျားမြတ်ဖြစ်သည်။သူ့ အသက်ကို မသေစေကောင်း..”ဟု သာကြည်စွာ လွှတ်ပေးရုံမက ဆင်စွယ် တစ်စုံ ..၊ မုဆိုးအတွက် ၇ရက်အတွင်း ပြည်တော်ပြန်ရောက်စေရန် ပရိတ်အရံအတားများဖြင့် ချီးမြှောက်တော်မူခဲ့သည်။

သြကာသ ပင် ဖြောင့်အောင် မရသော တချို့ သော လူတန်းစားများသည် သာသနာတော်၏ ဂုဏ်ကျေးဇူး သံဃာတော်တို့ ၏ ဂုဏ်ကျေးဇူးဆိုသည်ကို သိဖို့  အင်မတန်မှ ခက်ခဲလေသည် ။

မိမိဘ၀ကို မိမိမတူးဖြိုမှီ အသိနောက်မကျသေးခင် မပြစ်မှားသင့်သော သူများအား မပြစ်မှား မိစေဖို့  စေတနာဖြင့်ရေးသားရပါသည်။

သာသနာတော်အတွက် အန္တရာယ် ကျရောက်မည့် အခါတိုင်း သံဃာတော်သည် ကြောင့်ကြမဲ့ နေတော် မမူကြပါပေ။

မိမိရေးသားသောစာသည် မည်သူ့ ပုဂ္ဂိုလ် အဖွဲ့ အစည်းကိုမျှ ရည်ရွယ်၍ရေးသားသည် မဟုတ်ပါ။



နိုင်ငံရေးဆိုသည်ကိုလည်း စိတ်မ၀င်းစား ..။


မပျက်စီးသင့်သောသူများ ဘ၀သံသရာ မပျက်စီးစေဖို့  ..

သံဃာ့ဂိုဏ်း မသင့်စေဖို့  ..မိမိကိုယ်ကိုယ် မိမိပြန်လည်၍ တူးဖြိုဖျက်ဆီးသူများ မဖြစ်စေဖို့ .. သာသနာအရှည်ခံ့၍ တည်တံ့စေဖို့ သာ ရည်ရွယ်ပါသည်။

သစ္စာစကား မှန်ကန်ပါက အမိမြန်ပြည် အေးချမ်းသာယာ၍ သာသနာတော်သည် နေလို လလို ထွန်းလင်းတောက်ပ ပါစေသတည်း ။ အမြဲတမ်း ဘေးမသန်းပဲ အေးချမ်းသာယာ သံသရာဝယ် ချမ်းသာပျော်ရွှင်စွာ ဘ၀ခရီးကိုဖြတ် နိဗ္ဗာန်အထိ တက်လှမ်းနိုင်ကြပါစေ ။


ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ

(ဆရာတော် ကြီး ပျံလွန်တော်မူတဲ့ အချိန် မှာ ဦးခင်ညွန့် အကျယ်ချုပ် ဘ၀နဲ့ သွားကန်တော့သည်ဟုသိရသည် ။ သို့သော် အချိန်နှောင်းခဲ့ပြီ )
by Thein Win

No comments:

Post a Comment